**ပရိယေသန အဓိက၀ါဒနဲ့.
မိုးကို လင်မျှော်သလို မျှော်နေတဲ့ ရွာလေး။
**တကယ်ဆို... အခုမှ စပြီးကျရတဲ့
မျက်ရည်တွေမှ မဟုတ်တာကွယ်။
မိုးခေါင်လွန်းလို့ ငိုခဲ့ရတယ်
တစ်နွေစာ ကန်ရေမတင်လို့  ငိုခဲ့ရတယ်
ကျေးဇူးရှင်တွေအတွက်
မြက်ခြောက်ရှားလို့ ငိုခဲ့ရတဲ့ ရွာလေး။
**သူ့ ရဲ့ 
နွေရာသီ မှာ
နွားစားကျင်းပေါ် ရေတက်ချိုးမယ်
မိုးရာသီမှာ
မန်ကျည်းရွက်နဲ့ ဖားဟင်းချက်မယ်
ဆောင်းရာသီမှာ
နှမ်းရိုးတွေပုံ မီးလှုံမယ်
ဒါဟာ
သူ့ ရဲ့  ဥတုသုံးလီ ၀တ်ရုံ
ဘယ်လိုဂုဏ် မှ ခြုံစရာမရှိတဲ့ ရွာလေး။
**သူ့ ရဲ့  ညဥ့်သုံးယံ အိမ်မက်တွေမှာတော့
အင်တာနက် မရှိ ၊ အီးမေးလ် မရှိ
ဂျီအက်စ်အမ် မရှိ ၊ ဒီဂျစ်တယ် မရှိ
မိုးမျှော်တိုက် မရှိ ၊ ဓါတ်လှေခါး မရှိ
မရှိ...မရှိ...မရှိ....။
**ခုတော့လည်း...
သူ့ ရင်ဘတ်ပေါ်မှာ
တမာတွေပွင့်လိုက်ပုံက ရင်သပ်ရှုမော
သူ.နှလုံးသားရှိ၇ာဆီ
အလွမ်းတွေ လောင်းလောင်းထည့်လို့ 
သူကတော့...
နေပူခံမှဲ့ ဆိုတဲ့
ဖွင့်ဆိုချက် မင်ရည်ကျဲတွေမှာ သက်ဝင်လို့ 
သိမ်ငယ်စိတ်နဲ့ ချွေးမတိတ်တဲ့ ရွာလေး။
**ဆိုတော့....
သံသရာ ဆိုတာ
ဘယ်လောက်ရှည်ဦးမှာလဲ
ကိုယ့်အထွာနဲ့ကိုယ် ငိုကြရဦးမယ်
မျက်ရည်တွေသာ
မိုးရေတွေ ဖြစ်နိုင်ပါစေတော့...။ ။
စလေမောင်ဖြိုးဝေ(တမာမြေဖြိုးဝေ)
No comments:
Post a Comment