**အမေပြောခဲ့သလို
အမှန်တရားခါးကြားထိုးပြီး
ဒုက္ခပေါင်းစုံ မြေလှန်ရှာနေသူပါအမေ။
**အမေရယ်...
ကျွန်တော်လည်း...
တန်ရာတန်ကြေးပေးပြီးမှ
အိပ်မက်ကို၇ွက်လွှင့်ခဲ့သူပါ အမေ ။
**တောင်တန်း တထိုး
မြစ်ရိုးတလျှောက်
ရောက်ရာ အရပ် ခြေကြောင်းထပ်ပေါ့ ။
**အစိမ်းရောင် နဲ့ လှောင်ပြုံးပျစ်ပျစ်တွေကို
အနုပညာစစ် တဆုပ်တခဲနဲ့ 
လဲ ရဲ လို့ပဲ လဲခဲ့ပြီ အမေ ။
**အမေ ၀မ်းနဲ့ လွယ်မွေးခဲ့တဲ့
ကျွန်တော့် ဘ၀...
လှပ သပ်ယပ်
အချို့ ဘုမ္မိ သက်ခတ်တွေမှာတော့
အရပ်ကလည်း ခပ်ထုတ်ပေးကြသေးတယ် အမေ ။
**မိုက်တယ်လည်းမဆိုသာ
လိမ္မာတယ်လည်း မပြောလောက်တဲ့
ကျွန်တော့် မှာသာ...
မှားခဲ့မိတဲ့ အမှားတွေနဲ့
ထားခဲ့ရတဲ့သိက္ခာတွေက မမျှမတ ။
**တစ်ခါတစ်ခါ..
ကိလေသာ ရမ္မက်ဇောတွေက
ရေမရောပဲ တွင်းဝင်ဖြောင့်လို့ 
မျက်ရည်တွေလည်း
မခြောက်တစ်ခါ ခြောက်တစ်ခါ
ဥပါဒါန်တွေလည်း
မပျောက်တစ်ခါ ပျောက်တစ်ခါပေါ့ အမေ ရယ် ။
**အမေေ၇...
ရောက်ရာအရပ် က စာမရေးခဲ့သမျှ
အရင်လိုပဲ ခွင့်လွှတ်ပေးပါ အမေရယ်...
အခုတော့လည်း....
အလွမ်းစိတ်တွေ ခင်းကျင်းလို့
အမေ့ချည်တိုင်ဆီ အလည်ပြန်လာဖို့ 
သားလေ...
အဆန်ရထား အလာ စောင့်နေပါတယ် အမေ...။ ။
စလေမောင်ဖြိုးဝေ(တမာမြေဖြိုးဝေ)
No comments:
Post a Comment