Monday, November 26, 2012
စလေ(သို့ )ဒုတိယ မေမေ
**တကောင်းမင်းဆက်ရာဇ၀င်လာ...
    ဧရာဝတီ နဒီမြစ်ရေကြောမှာ .....
    မဟာသမ္ဘ၀ ၊စူဠာသမ္ဘ၀...
    မျက်မမြင် ညီနောင် ဖောင်နဲ့ မျှောရာက....
    အတည်တကျ အမည်ရခဲ့တယ် ဆိုတဲ့ ....
    လှပ အေးချမ်းတဲ့ မြို့ လေး...
.   ပုည၀တီမြေ..."စလေ" ....။ 
**မြစ်မင်းဧရာ အရှေ့ ဘက်ကမ်းမှာ ....
    တမာပင်တန်း စိမ်းညို့ညို့  တွေနဲ့  .... 
    တော မက မြို့ မကျပေမယ့် .... 
    သင်္ဂဟ မိတ်အဖေါ်တွေကို....
    ရွှင်ပြ စိတ်ပျော်စေဖို့ .... 
    မြင်သမျှ ဖိတ်ခေါ်နေတဲ့...မြို့ လေး...။ 
**၀မ်းဗိုက်ထဲက အူအခွေတို့ ...
   ပုဂံမြို့ ကို ပတ်တယ် လို့ ....
   အဖတ်ခက်တဲ့ အိပ်မက်ဆန်းတွေနဲ့  ....
   ပုဂံထီးနန်းမှာ မင်းသုံးဖန် ဖြစ်ရန် ....
   ဘီလူး ဘ၀ နဲ့ ဗျာဒိတ်ခံခဲ့ပြီး ......
   ပုဂံခေတ် ရာဇ၀င် ရဲ့... 
   "စလေ ငခွေး" ဆိုတဲ့ ရှင်ဘုရင်တစ်ပါးကို.....
 မွေးဖွားသန့် စင် ပေးခဲ့တဲ့...မြို့ လေး...။ 
**ကဗျာဥာဏ် အာဘော်တွေ .... 
    ကလော် တိုင်းထွက်ကျလာပြီး....
    ကဗျာ နဘေ အရာမှာ ...
    လျှာကဝေ မြောက်ခဲ့တဲ့ ... အညာ စလေ ရဲ့ ....
    တစ်ခေတ်မှာ တစ်ယောက် ... 
    လျှမ်းလျှမ်းတောက် စာဆိုတော်ကြီး.... 
    "စလေ ဦးပုည"....(သို့ ) မြန်မာပြည်က ရှိတ်စပီးယား ရဲ့ ... 
    မွေးဖွား ချက်မြှုပ်ရာ...မြို့ လေး...။ 
**နှီးဘုရား ရုပ်ပွားတော်...
    ခင်ကြီးစ အုတ်ကျောင်းတော်...
    ရုပ်စုံကျောင်းတော်ကြီး..တို့  အထင်ကရ ..... 
    ရှေးဟောင်း အမွေအနှစ် အစုံအလင်နဲ့ .....
    သာသနိက ဂုဏ်အင်တွေ ခင်းကျင်း.....
    သာယာဖွယ် ရှုမျှော်ခင်းတွေနဲ့ ....
    အလင်းသစ်တွေ တောက်ပ .....
    ဗုဒ္ဒ အဆုံးအမတွေ နာခံရင်း......
    သုံးပါး ရတနာတရားကို... 
    နှလုံးသားမှာ ဌာပနာထားတဲ့...မြို့ လေး...။ 
**"ပခုက္ကူ စောင် ၊ စလေ သောင်" တဲ့...
    "ညောင်ဦး ပုန်းရည် ၊ စလေ ဇီးသီး" တဲ့ ...
    "စလေ မှာ မံ ၊ ပုဂံ မှာ အုတ်" တဲ့...
    "စားကောင်း ငါးထွေ ၊ နေကောင်း စလေ" တဲ့ 
    "မြို့ နဲ့ စာပြန် ၊ ဒုတိယ ပုဂံ" တဲ့ ...
     ရေကြောင်းခရီးအစဉ်မှာ... 
    "မြို့ (မန္တလေး)နဲ့  ပြည် ၊ စလေ ထက်ဝက်" တဲ့ ...... 
     မော်ကွန်းအလား ဖေါ်ညွှန်းထားခဲ့...
     အဲသလို...ရှေးလူကြီးများဆိုရိုးတွေနဲ့ ....
     ရိုးရိုးကျင့်...မြင့်မြင့်ကြံ..
     စိတ်သဏ္ဍာန်တွေ နဲ့  အခြေကျ ......
     သန္ဒေ လှပခဲ့တဲ့...မြို့ လေး...။ 
                                                                                                                                                                                                                                                                           **သြော်..... 
 မောင်ကြီးတို့  စလေသား...
 မမ တို့  စလေသူများ ရဲ့  
 မွေးဖွားရာ..... ကြီးပြင်းရာ.... ရှင်သန်ရာ.... 
 "စလေ(သို့ မဟုတ်)ဒုတိယ မေမေ...
 အမြတ်ဆုံးတရား လက်ကိုင်ထားလို့ ....
 ကပ် သုံးပါးတွေ ကျော်နင်းရင်း...
 မီးဖျက် မယ့် ဘဒ္ဒ သည်ကမ္ဘာမြေမှာ...
 ခရီးဆက် လို့  လှပစွာ တည်နိုင်ပါစေသား.....။           ။
                                                      စလေမောင်ဖြိုးဝေ(တမာမြေဖြိုးဝေ)
Thursday, November 22, 2012
နာရီ ကို ကြည့်မိတော့
**နာရီကို ကြည့်မိတော့... 
လူသိရှင်ကြား အမုန်းတွေနဲ့  
 နိဂုံးချုပ်လိုက်ရမှာ စောလွန်းသေးတယ်။
 **နာရီကို ကြည့်မိတော့...
 တမျှော်တခေါ်ကြီးမဝေးပါဘူး 
 ငါ့ရဲ့  နောက်ကြောင်းပြန်ဇာတ်လမ်းမှာ
 ကံထမ်းလာတဲ့ ခါးသီးမှုတွေက 
 ကိုယ့်ကြိုး ကိုယ် ဖြေကောင်းတုန်း ။ 
**နာရီကို ကြည့်မိတော့... 
 ဘ၀ နဲ့ မလွတ်လို့ နှလုံးသားကို 
 နေရာရွှေ့ ထားရတဲ့ အကြိမ်ကြိမ်ထဲက 
 မေတ္တာတရားရဲ့  မြစ်ကူးချောင်းခြားမှာ
 ကြည်နူးစရာ တို့  ခေါင်းပါးခဲ့ရ ။ 
**ကောင်မလေး ရေ.....
 မတိုက်ဆိုင်တဲ့ အဆုံးဖြစ်ပါစေဦးတော့
 အရာရာ ငွေအဓိက ဆိုတဲ့ ၀ါကျတွေ
 နိမိတ်ကြီးလေးပါး ရဲ့ နောက်....
 မဟာ ဂရုဏာရှင်တွေ ရဲ့ နောက်...
 သစ္စာလေးပါး ရဲ့ နောက်...
 အစောဆုံး..... 
 စတုတ္ထ လောက်မှ ပန်းဝင်ပါလိမ့်မယ်ကွဲ့  ။
 **နာရီကို ကြည့်မိတော့... 
 ခြေလွတ်လက်လွတ် ရှုံးနိမ့်မှုတွေနဲ့ 
 အမျှော်ပျိုးသူတို့ ရဲ့  ချုပ်ညရီပေါ့
 ငါ့မှာ သာ..... အချစ်တွေပျောက်မှာစိုးလို့ 
 တစ်ည သုံးခါလောက်ဆင်းဆင်းလွမ်းနေတာ ။ 
**နာရီကို ကြည့်မိတော့...
 အချစ်နဲ့ အမျှ ကျသင့်သလောက်
 အတိအကျ လွမ်းတတ်လွန်းတဲ့ 
 ငါ့ မှာ သာ.... မိုးပြို ရာ ကမ္ဘာအတည်မှားသလို
 မချိစိတ်ဝမ်း...မငြိမ်းချမ်းနေရတာ.....။       ။
                            စလေမောင်ဖြိုးဝေ(တမာမြေဖြိုးဝေ)
သောက တို့ ရဲ့  ဈာပန ဆက်တင်
**ဘ၀အဆက်ဆက် က
ဝေဒနာတွေကို စုပုံပြီး
 ဒီနေ့  ရက်စွဲနဲ့  ကြေကွဲလိုက်ပါတယ်...။ 
**နာကျည်းချက်တွေနဲ့ ...
 တစ်ဘ၀စာ လှောင်ကုန်မိနေတဲ့ ညနေသေတွေမှာ.. 
 မျက်ရည်နဲ့  မှတ်တမ်းရေးခဲ့တဲ့ အလွမ်းများ 
 အခုထိ ဆေးထိုးဆေးသောက် ကြောက်တုန်း...။
 **မတင်မကျ အဖြေတွေနဲ့ သောင်တင်ခဲ့ရတဲ့
 ဆုတ်ဆုတ်ဆိုင်းဆိုင်း ကိုင်းညွတ်မှုများ 
 သွားလိုရာ ကြိုးဖြေ လွှတ်လိုက်ရင်း
 သုည ဒသ၁မ နောက်က ပျော်ရွှင်မှုတွေနဲ့ 
 ကမ်းက ခွာခဲ့ပြီ.....။ 
**ဆိုပေမယ့်....
 စုပ်သပ်လိုက်ရုံနဲ့  ယူပစ်သလိုပျောက်ရအောင် 
 နှလုံးသားက ရွှံ့  နဲ့ လုပ်ခဲ့တာမှ မဟုတ်တာ ။
 **တကယ်ပါ...
 ဘ၀အဆက်ဆက်ကဝေဒနာတွေ စုပုံပြီး
 ဒီနေ့ ရက်စွဲနဲ့  ကြေကွဲလိုက်ပါတယ် ။ 
**ဒီလို အချိန်မှာတော့...
 ကိုသန်းလှိုင် သီချင်းတွေနဲ့ 
 လူပျိုလှည့် ခဲ့တဲ့ အသီးအပွင့်များ 
 တခမ်းတနား ရင့်မှည့်နေကြပေါ့...။ 
**တစ်ခုပါပဲ...
 ငါ့မနက်ဖြန်တွေဆီ.. 
 တကျော့ပြန် ရုံဝင်လာမယ့် သောကအဟောင်းများ....
 ငါ့ နှလုံးသားနဲ့  ဝေးရာအရပ်မှာ 
 လွတ်လပ်စွာ လောင်မီးကျပါစေသား....။      ။
                              စလေမောင်ဖြိုးဝေ(တမာမြေဖြိုးဝေ)
ဆူး နဲ့  နှင်းဆီ
**ပန်းတစ်ပွင့် မို့ ....
 နမ်းခွင့် တစ်ခါ...
 မျှော်လင့် ပါလည်း....။  
**သူ့ သဏ္ဍာန် မြ အဖူးနဲ့ 
 သူ့ ကေသာ အလှဦးမှာ
 ဆူးတွေနဲ့  ပြည့်.....။     ။
 စလေမောင်ဖြိုးဝေ(တမာမြေဖြိုးဝေ)
ကျူငုတ်မချန် ဆန္ဒ
**ခယ်မ အပျို...
 အိမ်မှာ ခို...
 ခဲအို မျက်လုံး..
 ကျီးကန်းရှုံး သတဲ့...။      ။ 
 စလေမောင်ဖြိုးဝေ(တမာမြေဖြိုးဝေ)
ပန်းတစ်ပွင့် သို့ မြတ်နိုးခြင်း
**ခေတ်ဟောင်းမှ ခေတ်ဟောင်း 
 ကောင်းကောင်း မကောင်းကောင်း
 အသွင်ပြောင်းမခံ 
 လှေ နံဓားထစ် အလုပ် မဖြစ်...။ 
**ခေတ်ပေါ်မှ ခေတ်ပေါ် 
 အမြစ်ဖေါ် ရေလောင်း 
 ကောင်းကောင်း မကောင်းကောင်း
 အဟောင်းမခံ... အယူ သန်...။
 **ပန်း မှန် လျှင်...
 အနမ်းခံရဲတဲ့ သတ္တိ နဲ့  
 နွမ်း တဲ့ အထိ ရနံ့ ရှိတယ် ။ 
**မကြွေတဲ့ ပန်း 
 မနွမ်းတဲ့ ပန်း
 ရနံ့ မပြယ်တဲ့ပန်း
 အနုပညာ ပန်းတဲ့ မိတ်ဆွေ...
 ကျုပ်တို့  ခင်ဗျားတို့ ... 
 အဟောင်းအသစ် မခွဲခြား
 အကောင်းချစ် တဲ့ အစွဲများနဲ့ 
 လက်တွဲ အားဖွဲ့  မြတ်နိုးဆက်စို့  ....။     ။ 
 စလေမောင်ဖြိုးဝေ(တမာမြေဖြိုးဝေ)
ကိလေသာ
**လှလို ဟန်..
 မှန် ကိုကြည့်....။
 **မှန် ထဲမှာ မရှိ 
 သူမသိ... 
သူ၏ အကျည်းတန်မှုများ...။      ။
                                                                                                                                                                                              စလေမောင်ဖြိုးဝေ(တမာမြေဖြိုးဝေ)
ဝိဒေဟရာဇ် ပုတ်သင်များ
**အလှတွေ့ တော့... 
 ဘ၀ မေ့ခဲ့...။ 
**အဆင်သင့်တော့... 
 ဘ၀င် မြင့်ခဲ့...။
 **သြော်... သူ့ ခမျာလည်း 
 လည်ဆွဲ အလှ မ၀ယ်ပဲရတော့
 အခြားမဆို အကြွားပိုလို့ 
 နဂို မူလ ပြန်ဖြစ်ရ...။ 
**ထိုဥပမာ ရှုစရာကား
 လူ့ ရွာဓလေ့ ဥစ္စာမွေ့ ပုံ 
 တွေ့ ကြုံ မြင်သိ ဆင်ခြင်မိသော်...
 ရှိနေ အဖြစ် သရုပ်ထင်ရှားစွာ
 စလေမောင်ဖြိုးဝေ(တမာမြေဖြိုးဝေ)
သတိ
**ရှေ့ တစ်ခေါ် မျှော်ကြည့်..... 
 အပျော်ရှိမှ..ကောင်းလေစွ...။
 **နောက် တစ်လံ ပြန် ကြည့်.... 
 ဥာဏ်ရှိလေမှ..ကောင်းလေစွ...။ 
**ပစ္စုပ္ပန်... ကံအရှိမှာ...
 သတိသည်သာ..အခရာ...။       ။ 
 စလေမောင်ဖြိုးဝေ(တမာမြေဖြိုးဝေ)
မာန မဲ့ မျက်ရည်
**ငါဟာ......
 အတ္တ ကြီးစွာ 
 အခါခါ.... 
 ပြုံးပျော်ဖို့  ကြိုးစားရင်း..... 
**မာန မဲ့စွာ 
 အခါခါ....
 မျက်ရည်ကျဖြစ်ခဲ့ရတယ်...။       ။ 
 စလေမောင်ဖြိုးဝေ(တမာမြေဖြိုးဝေ)
Wednesday, November 21, 2012
မှာတမ်း
**၀ိဥာဏ်ကင်းချုပ် ၊ ကိုယ်ငွေ .ဆုတ်လျက်
 မုချ သေချာ ၊ ငါသေပါ က... 
 ရုပ်အလောင်းအား ၊ အကောင်းပမာ 
 ရှည်ကြာကာလ ၊ ထားမိကြမူ
 အနတ္တမှန်စွာ ၊ သည်ခန္ဒာ မှ
 ယင် တဖွားဖွား ၊ ပုပ်နံ့ ပွားလျက်
 အများတကာ စိတ်ရှုပ်ရာ၏ ။ 
**၀ိဥာဏ်ကင်းချုပ် ၊ ကိုယ်ငွေ့ ဆုတ်လျက်
 မုချသေချာ ၊ ငါသေပါ က... 
 ရုပ်နာမ်နှစ်ဖြာ ၊ ဒိဋ္ဌိကွာအောင်
 ရှုပါမနား ၊အသုဘပွားလျက်
 တရား ရင်မှာ ၊ ကိန်းစေပါလော့။
 ထို့ နောက်မယွင်း... 
 ချက်ချင်းသို့ မဟုတ်နေ့ ချင်းထုတ်လျက် 
သုသ၁ာန် ပို့ ကာ သဂြိုဟ်ပါလော့ ။ 
**၀ိဥာဏ်ကင်းချုပ် ၊ ကိုယ်ငွေ့ ဆုတ်လျက် 
 မုချသေချာ ၊ ငါသေပါက...
 ရက်လ ရှည်ကြာ ၊မလွမ်းပါနဲ့ 
 လွမ်းလျက်ရှည်ကြာ ၊ မငိုပါနဲ့  
 သုဂတိ ခရီး ၊ ကြံရွယ်ပြီးမို့  
 ပါယ်ရွာမကျ ၊ ငါစိတ်ချ၏ ။ 
**၀ိဥာဏ်ကင်းချုပ် ၊ ကိုယ်ငွေ့ ဆုတ်လျက် 
 မုချသေချာ ၊ ငါသေပါက....
 ငါ့ကို ရည်ကာ ၊ ဆွမ်းသွပ်ပါလည်း
 ငါ့မှာမလို ...၊ 
အပို ဒုက္ခ မခံကြ၇န် ၊ ငါတောင်းပန်၏။
** သို့ ပါမူလည်း...
 အမျှဝေရန် ၊ဆန္ဒ မှန်ဖြင့်
 ကျန်သူတို့ က ၊ စီမံကြသော် 
 အပြစ်မယူ ၊ ငါကြည်ဖြူသည်
 ကျန်သူ ကုသိုလ် ပွားကြောင်းမို့ ...။          ။ 
(မိုးကုတ်ဆရာတော် ဘုရားကြီး၏တရားတော်များအားနာကြားရေးဖွဲ့  ပူဇော်ထားခြင်းဖြစ်ပါသည်။)
                                              စလေမောင်ဖြိုးဝေ(တမာမြေဖြိုးဝေ)
ဖြေ မပြေ...မေမေ
**"စိတ်ဆိုတာ.....
 တကန် တက လျှော်မှ 
 ဖြူတာ သားရဲ့" တဲ့...။
 **ဟုတ်ကဲ့ပါ မေမေ
 ဘ၀ က သံသရာထဲမှာ ရစ်ထွေး 
 လောက ဒဏ်ရာ အညစ်အထေးတွေနဲ့ 
 အပွေးတက်နေတဲ့ ကျွန်တော့် အစ္ဈတ္တ... 
 အရေး ခက်နေတဲ့ ကျွန်တော့် ဘ၀ ကို 
 တောက်ပအော
င်လျှော်ပေးပါဦးမေမေ ရယ်...။ 
**အခုတော့လည်း...
 ကျွန်တော့် ရဲ့ 
 အလင်းရောင် မေမေ
 စိတ်သခင် မေမေ 
 ခ၀ါသည် မေမေ 
 သက်တမ်းမရှည် စောစောကြွေခဲ့တော့... 
 သားလေ.... 
 မေ့မေ့ပြောတဲ့ စကားနဲ့ ဖြေ 
 မေမေ ဟောတဲ့ တရားနဲ့
နေရတော့မယ်ဲ မေမေရယ်....။      ။ 
 စလေမောင်ဖြိုးဝေ(တမာမြေဖြိုးဝေ)
အမေ့ သို့  အလွမ်း
**အမေပြောခဲ့သလို
 အမှန်တရားခါးကြားထိုးပြီး
 ဒုက္ခပေါင်းစုံ မြေလှန်ရှာနေသူပါအမေ။ 
**အမေရယ်...
 ကျွန်တော်လည်း...
 တန်ရာတန်ကြေးပေးပြီးမှ 
 အိပ်မက်ကို၇ွက်လွှင့်ခဲ့သူပါ အမေ ။
 **တောင်တန်း တထိုး မြစ်ရိုးတလျှောက် 
 ရောက်ရာ အရပ် ခြေကြောင်းထပ်ပေါ့ ။ 
**အစိမ်းရောင် နဲ့ လှောင်ပြုံးပျစ်ပျစ်တွေကို 
 အနုပညာစစ် တဆုပ်တခဲနဲ့ 
 လဲ ရဲ လို့ပဲ လဲခဲ့ပြီ အမေ ။ 
**အမေ ၀မ်းနဲ့ လွယ်မွေးခဲ့တဲ့ 
 ကျွန်တော့် ဘ၀... လှပ သပ်ယပ် 
 အချို့ ဘုမ္မိ သက်ခတ်တွေမှာတော့ 
 အရပ်ကလည်း ခပ်ထုတ်ပေးကြသေးတယ် အမေ ။
 **မိုက်တယ်လည်းမဆိုသာ
 လိမ္မာတယ်လည်း မပြောလောက်တဲ့
 ကျွန်တော့် မှာသာ...
 မှားခဲ့မိတဲ့ အမှားတွေနဲ့ 
 ထားခဲ့ရတဲ့သိက္ခာတွေက မမျှမတ ။ 
**တစ်ခါတစ်ခါ..
 ကိလေသာ ရမ္မက်ဇောတွေက 
 ရေမရောပဲ တွင်းဝင်ဖြောင့်လို့ 
 မျက်ရည်တွေလည်း
 မခြောက်တစ်ခါ ခြောက်တစ်ခါ
 ဥပါဒါန်တွေလည်း
 မပျောက်တစ်ခါ ပျောက်တစ်ခါပေါ့ အမေ ရယ် ။ 
**အမေေ၇... 
 ရောက်ရာအရပ် က စာမရေးခဲ့သမျှ 
 အရင်လိုပဲ ခွင့်လွှတ်ပေးပါ အမေရယ်... 
 အခုတော့လည်း....
 အလွမ်းစိတ်တွေ ခင်းကျင်းလို့ 
 အမေ့ချည်တိုင်ဆီ အလည်ပြန်လာဖို့ 
 သားလေ...
 အဆန်ရထား အလာ စောင့်နေပါတယ် အမေ...။     ။
 စလေမောင်ဖြိုးဝေ(တမာမြေဖြိုးဝေ)
အမေအို ၏ အလွမ်း
**ကျွန်တော့် အသက်(၂၅) 
 အမေ့ အသက် (၅၀)
 နင့်မြို့  နဲ့  ငါ့ရွာ
 မိုင်လေးငါးရာ ဘာကွာလို့ လဲ
 အိမ်ဦး နဲ့ ကြမ်းပြင် 
"လွမ်းချင်ရင်မလာနဲ့ ပေါ့" ဆိုတဲ့အမေ...။
 **ကျွန်တော့် အသက်(၃၅)
 အမေ့ အသက်(၆၀)
 "အကြွေး ပါပါ မြေးပါပါ
 မချမ်းသာရင်မှနေ
 ငါရှာကျွေးမယ်" ဆိုတဲ့အမေ...။ 
**ကျွန်တော့် အသက်(၄၅)
 အမေ့အသက် (၇၀)
 "ကျုပ် ပါအမ"ဆိုကာမျှနှင့်
 အမေ့ မျက်ရည်
 တွေတွေစီးကျ တားမရ အောင်.... "
လွမ်းလို့မ၀ဘူး သားရယ်" ဆိုတဲ့အမေ...။         ။
 စလေမောင်ဖြိုးဝေ(တမာမြေဖြိုးဝေ)
Tuesday, November 20, 2012
မြား
**အလိုရမ္မက်တွေက 
 တောင်ကျချောင်းလို
 အသံပေးပြီး အရေးဆိုနေ ။ 
**ထားရာနေ စေရာသွား
 အနေအစားပျက်လို့ 
 အဖြေအမှားထွက်ခဲ့ ။
 **အသားမမက် 
 ငါး မမက်ပေမယ့် 
 အသွားထက်ထက်နဲ့ 
 တရားပျက်ခဲ့တဲ့ ငါ ။
 **တကယ်တမ်း... 
ပစ်မှတ် နဲ့  ပစ်သူအကြား 
 မှားခဲ့ မိတာ... ငါ ကိုယ်တိုင်လား...။
 **သြော်..... 
 ပြောစမှတ်တွင်စရာ
 တရားခံ ရှာဖို့
 ငါဟာ... ပစ်လွှတ် ခံခဲ့ရ...။      ။
 စလေမောင်ဖြိုးဝေ(တမာမြေဖြိုးဝေ)
သတ္တိ
**အချိန် မတော်  
 စိန်မခေါ် နဲ့... 
 တိမ်ပေါ်..မလိုက်ဘူး 
 အိပ်ချင်ပြီ....။     ။
 စလေမောင်ဖြိုးဝေ(တမာမြေဖြိုးဝေ)
စကား နဲ့  နား
**လက်လေးသစ် နှုတ်ခမ်းဖျား
 မဟုတ်တမ်းတရားတွေ
 ဆိုတတ်သတဲ့ ။
**တစ်ဆုပ်စာ နား
 မဟုတ်တာများ
 ကြားတတ်သတဲ့ ။
 **စကားချော်ချွတ်
 ကြမ်းကျော် ကွပ်သလို
 ဖရိုဖရဲ....။
**မနာခံတတ်တဲ့ နား
 ပြည့်တန်ဆာ ပါး
 သဝေ မခြား...။
**အဲဒီ စကား
 အဲဒီ နားတွေ
 တွေ့ငြားကြုံလာ
 နောင်အခါမှာ...
 ဥပေက္ခာ နဲ့  ရှုကြစို့...။    
 ။ စလေမောင်ဖြိုးဝေ(တမာမြေဖြိုးဝေ)
နောက်ဆုံးခရီး
**အတ္တ ကို ရှပ်တိုက်စီး 
 မာနမီး ဟုန်းဟုန်းလောင်....။
 **မီးခိုးတောင် မဆုံးသေး 
 ပို့  သူတွေ ပြန်လို့ ပြေး....။     ။ 
 စလေမောင်ဖြိုးဝေ(တမာမြေဖြိုးဝေ)
ပုဂံခေတ် မှ သွေးသစ္စာ
**ဟိုတချိန်ဆီ... 
 ရွှေအိမ်စည် ဘ၀အခြေကြီးသူက
 ခဏ အနေနီးသူ တစ်ရပ်တစ်ရွာသားရယ်နဲ့ 
 ဇာတ်အလွှာခြားသူ လူတစိမ်းကိုမှ
 အယူတိမ်းကာ အလွယ်ခင်လို့ 
 တစ်နွယ်ငင် မေတ္တာယှက်လေတော့ 
 ချစ်ပါလျက်နှင့် ကျွမ်းခွင့်မသာ
 လွမ်းသဖြင့်သာ လမ်းအခွဲမှာလ
**လက်ဆောင်ပဏာ...
 ရွက်ဆောင်ကာ နန်းတော်တွင်းဆီသို့ 
 လှမ်းကျော်နင်းတက် ကျော်ကျူးဝင်လာ 
 မော်ဖူးညင်သာ ပဋိက္ခရားမှာလ
 စိတ်ထားမတည် အမြှူချိုသလိုနဲ့  
 လူကိုမြို အမျိုးနော် ပျက်သုဉ်းစေဖို့
 အရိုးပေါ်အရွက်ဖုံး ဗျူဟာဆင်လို့
 မူယာသွင် ဟန်ဆောင်ကောင်းသော်လည်း 
 ကြောင်းခွင့်မသာ...။ 
**တွေးရတက်ဖြာ... 
 သွေးတစ်စက်ဟာ မီးအလားပေမို့ 
 ဆီးတားမလေ တိုင်းပြည်အရေးရယ်နဲ့
 သမိုင်းအရှည်တွေးလျှင် အမျိုးပျောက်မှာမို့ 
 စိုးကြောက်စရာ ပုဂံခေတ်တလွှားဆီမှာတော့
 ကျန်စစ်သားမင်းမြတ်မဟာက 
 အတင်းဖြတ်ကာ အမှားခရီးမဆက်ရအောင်
 သားသမီးအတွက် လမ်းပြဆောင် 
 အောင်နိုင်တဲ့ပွဲ...။ 
**ပြည်သစ် မှန်စွာ...
 သည်ခေတ်မြန်မာ 
 မဟာဆီ သာကီဖွားတွေက
 ကမ္ဘာအရှည် မြန်မာတည်ငြားစေဖို့
 တစ်ပြည်ခြားအသွင်မတူသူကို
 အပြင်လူသူစိမ်းပမာထင်လို့
 ရာဇ၀င် စာတင် ကြွင်းကျန်ရစ်လေတဲ့
 မင်းကျန်စစ်ထုံး သတိမူကာ
 အသိကူ အမျိုးကိုချစ်ကြလျှင်ဖြင့်
 အမျိုးစစ် ရွှေမြန်မာ လို့ 
 မြေကမ္ဘာ သေချာညွှန်းလို့ရယ် 
 ထွန်းလိမ့် မလွဲ.....။        ။
 စလေမောင်ဖြိုးဝေ(တမာမြေဖြိုးဝေ)
တရားခံ ဘယ်သူလဲ
**ဂုဏ်အင်ဓန
 စုံလင်လှသူ 
 ဟို တစ်လူကြောင့်...
 **ကြည်ဖြူ ပွင့်လင်း
 တို့ချစ်ခြင်းတွေ 
 မုန်းတင်းမဆိုပဲ ဝေးခဲ့သည်။     ။ 
 စလေမောင်ဖြိုးဝေ(တမာမြေဖြိုးဝေ)
စောင့်ထိန်းတော်မူ
**သွေးခြားတွေ ထိုးဖောက်လို့ 
 အမျိုးပျောက် မှာကို
 စိုးကြောက်မိ ဗျာပါပိုတယ်
 မြန်မာဆို တို့သွေး။ 
** ခင်လေးတို့ ကြင်ရေးမျှော်
 လင်ရွေးတာ် လွဲချော်ကြသေး။
** ထင်ရေး နဲ့  မြင်ဝေးကွာ
 ရင်လေးစွာ ရှုပ်ထွေး။
** မျိုးမြန်မာ အမိလေးတွေသို့
 သတိပေးလို့ တားမိပြန် ။
 အပျိုရွယ် အမိုက်ဖက်
 အရှိုက်ခက်ဖြစ်ရမည့်ဟန် ။ 
** မြတ်ဇာတိ သွေးစစ်မှန်လျှင် 
 တွေးချစ်ဥာဏ် အစဉ်တိုးပါလို့ 
 အယဉ်မျိုးတို့  ပြည့်ဖြိုးကြွယ် 
 စောင့်ကြမျိုးနွယ် ။
 မဟာမျိုး မြန်မာ့ အနွယ်ကို 
 ကမ္ဘာ့အလယ် ၀င့်ကြွားချင်လှလေး။       ။ 
 စလေမောင်ဖြိုးဝေ(တမာမြေဖြိုးဝေ)
လမ်းခွဲခြင်း
**မျက်ရည် ပါးအပ်
 အနားကပ် ကာ 
 ပြတ်ပြတ်ညင်သာ 
 ပြောဆိုလာသည်... 
 "ပေးစားသူပဲ ယူတော့မယ်" တဲ့....။     ။
 စလေမောင်ဖြိုးဝေ(တမာမြေဖြိုးဝေ)
ဖြတ်လမ်း
**ခန္ဒာ..... 
 ဖြစ်ပျက် များစွာ
 ဘယ်ခါ မပြတ် ။
 **သံသရာ.....
 ခန္ဒာ များစွာ
 ဘယ်ခါ မရပ် ။ 
**ခန္ဒာအရှိ ၊ ဥာဏ်နှင့်ကြည့်လျက် 
 ရှည်ဘိသံသရာ ၊ လွတ်ကြောင်းရှာဖို့ 
 အသင်သူငါ ၊ မြင်တူစွာဖြင့် 
 သံသရာ့ကျွန် ၊ ခန္ဒာဝန် မှ
 လွန်ဆန်ရုံးထွက် နိုင်စေသား...။       ။
 စလေမောင်ဖြိုးဝေ(တမာမြေဖြိုးဝေ)
Thursday, November 15, 2012
နေပူခံမှဲ့  နဲ့  ရွာလေး
**ပရိယေသန အဓိက၀ါဒနဲ့.
 မိုးကို လင်မျှော်သလို မျှော်နေတဲ့ ရွာလေး။
 **တကယ်ဆို... အခုမှ စပြီးကျရတဲ့
 မျက်ရည်တွေမှ မဟုတ်တာကွယ်။ 
 မိုးခေါင်လွန်းလို့ ငိုခဲ့ရတယ် 
 တစ်နွေစာ ကန်ရေမတင်လို့  ငိုခဲ့ရတယ် 
 ကျေးဇူးရှင်တွေအတွက် 
 မြက်ခြောက်ရှားလို့ ငိုခဲ့ရတဲ့ ရွာလေး။
 **သူ့ ရဲ့ 
 နွေရာသီ မှာ 
 နွားစားကျင်းပေါ် ရေတက်ချိုးမယ် 
မိုးရာသီမှာ
 မန်ကျည်းရွက်နဲ့ ဖားဟင်းချက်မယ် 
 ဆောင်းရာသီမှာ 
 နှမ်းရိုးတွေပုံ မီးလှုံမယ်
 ဒါဟာ 
သူ့ ရဲ့  ဥတုသုံးလီ ၀တ်ရုံ 
ဘယ်လိုဂုဏ် မှ ခြုံစရာမရှိတဲ့ ရွာလေး။ 
**သူ့ ရဲ့  ညဥ့်သုံးယံ အိမ်မက်တွေမှာတော့
 အင်တာနက် မရှိ ၊ အီးမေးလ် မရှိ
 ဂျီအက်စ်အမ် မရှိ ၊ ဒီဂျစ်တယ် မရှိ
 မိုးမျှော်တိုက် မရှိ ၊ ဓါတ်လှေခါး မရှိ
 မရှိ...မရှိ...မရှိ....။
 **ခုတော့လည်း...
 သူ့ ရင်ဘတ်ပေါ်မှာ 
 တမာတွေပွင့်လိုက်ပုံက ရင်သပ်ရှုမော
 သူ.နှလုံးသားရှိ၇ာဆီ
 အလွမ်းတွေ လောင်းလောင်းထည့်လို့ 
 သူကတော့... 
 နေပူခံမှဲ့ ဆိုတဲ့
 ဖွင့်ဆိုချက် မင်ရည်ကျဲတွေမှာ သက်ဝင်လို့  
 သိမ်ငယ်စိတ်နဲ့ ချွေးမတိတ်တဲ့ ရွာလေး။
 **ဆိုတော့.... 
 သံသရာ ဆိုတာ
 ဘယ်လောက်ရှည်ဦးမှာလဲ 
 ကိုယ့်အထွာနဲ့ကိုယ် ငိုကြရဦးမယ် 
 မျက်ရည်တွေသာ
 မိုးရေတွေ ဖြစ်နိုင်ပါစေတော့...။       ။ 
 စလေမောင်ဖြိုးဝေ(တမာမြေဖြိုးဝေ)
ယောနိသော မနသိကာရ
**ကံဇာတာ
 အနွဲ့ အပြောင်းတွေနဲ့. 
 လောကဓံ
 အကျော်အနင်းတွေ အောက်မှာ
 စိတ်ရဲ့ 
အယူအကောက် ဟာ
 ဘ၀ ရဲ့ 
အတိမ် အနက် ပါပဲ...။      ။ 
 စလေမောင်ဖြိုးဝေ(တမာမြေဖြိုးဝေ)
ဓါးကျိန်း
**ညီမလေး.. 
 တွယ်တာတာ မဆန်းပြား
 ကွယ်ရာမှာ လမ်းသလားပြီး 
 မဟုတ်တာ တအားကဲရင်တော့
 ဂုတ်မှာ ဓါးဝဲမယ်ပြင်....။      ။
 စလေမောင်ဖြိုးဝေ(တမာမြေဖြိုးဝေ)
ရေနံချောင်း
**မြစ်လောက်မှ မကောက်ကွေ့ ရင် 
 မြို့ လို့မခေါ်လိုက်ပါနဲ့တော့...။
 **ရှိုက်ဖိုကြီးငယ်ဆန်ဆန် လမ်းမများ
 လမ်းများအတိုင်း အကွေ့ လိုက်ပွင့်တဲ့ ပန်းများ
 ပန်းများအတိုင်း အရောင်အသွေးစုံတဲ့ ဘ၀များ
 ဘ၀များအတိုင်း ဖုန်ထူနေပူမှာ
 ချွေးယိုစီးသံ တညံညံနဲ့ မြို့ လေး ။ 
**ငုံးဆူ လူမသိနဲ့
 အငုံ့ စိတ်တွေ ငုံထားပြီး 
 သာယာပုံ အခင်းအကျင်းမှာ 
ကာလာစုံ အသင်းအပင်းတွေဖွဲ့ လို့ 
 သမိုင်းကောင်းတွေ အလံထူရင်း
 စံနမူနာတွေကို အလေးထားတတ်တဲ့ မြို့ လေး ။ 
**အစားကြိုက်၇င်...အစား
 ကန္နားကြိုက်ရင်...ကန္နား
 တရားကြိုက်ရင်...တရားတဲ့
 သူ့ ဆန္ဒနဲ့ လိုက်လျော်ချင်တဲ့အခါ 
 သူတကာကြိုက်ရင် အကုန်ပေးတတ်ပြီး
 သူလိုချင်ရင်လည်း အကြိုက်တောင်းတတ်တဲ့ မြို့လေး ။ 
**မကြာမီ လာမည် ဆိုတာ
 ဇော်လား...ကျားလား...ဘီလူးလား
 အမှားအမှန်ဆိုတာ 
 ဘာနဲ့မှ ကျားကန်ထားလို့ မရမှန်းသိတော့ 
သရုပ် သဏ္ဍာန် အလွဲတွေတွေ့  ၇င် 
 မဟုတ်မခံပဲ ပွဲဝင်ကဖို့လည်း 
အဆင်သင့်ဖြစ်နေတတ်တဲ့ မြို့ လေး ။ 
**သြော်...
 သူ .နာမည်နဲ့ သူ ဗျုပ္ပတ် မိနေပြီး
 သူ့ အသိ နဲ့ သူ ရွှင်ပြ
 သူ့ ဓမ္မ နဲ့  သူ ရောင့်ရဲနေတတ်တဲ့ မြို့ လေးက 
တစ်ခါတစ်ရံမှာတော့... 
 အသည်းကွဲရမယ်ဆိုလည်း ၀န်မလေး 
 သွေးအေးအေးနဲ့ ခေါင်းမာနေတတ်ပြန်ရော ။
 **ကၠတၳိ ၀ကံၤ ၊ နဒီ ၀ကံၤ တဲ့ 
 ပြီးတော့....
 နာဂရ ၀င်္ကံ လား 
 မြို့ လေး ရေ... ထာဝရ ရှင်သန်နိုင်ပါစေသား....။         ။
 စလေမောင်ဖြိုးဝေ(တမာမြေဖြိုးဝေ)
ကျောင်းကုန်း
**ဒါးက မြစ်က မြားတစ်စင်းလို
 ရင်ခွင်တည့်တည့် စိမ်းစိမ်းစိုက်ခဲ့ ။ 
** မြို့ လေးမတော့...
 ငယ်လင် ငယ်မယားတွေ 
 ရှင်ကွဲ အခွဲခံရသလိုမျိုး
 ဟိုဘက်ကမ်းမှာ မြို့ တစ်ခြမ်း
 ဒီဘက်ကမ်းမှာ မြို့ တစ်ခြမ်း 
 အလွမ်းတွေနဲ့မှ အလျားသင့်ခဲ့ရပလေ။ 
**နံနက်ခင်း နှင်းမကွဲခင်ကတည်းက 
 ချွေးနံ့ တွေသင်းနေတဲ့ မြို့.လေးပါ 
 ကြီးမြတ်မှု ဆိုတာဒါမျိုးပဲဖြစ်မယ် 
အစာအိမ်တွေကတော့ သီဝရီတွေ နားမလည်ဘူး။
 သမ္မာအာဇီဝ နဲ့. ၀မ်းတစ်ထွာကန်တဲ့ပွဲမှာ 
 ဒိန်းဒေါင်းသံတွေက
 ညခင်းရဲ့ လင်းကြက်တွန်သံပေါ့ ။ 
**အဲဒီမြို့ လေးရဲ့
 တချို့  နေ့တဓူဝတွေမတော့ 
 ဘောလုံးပွဲ လောင်းမယ် 
 မိုးလင်းပွဲ ကြည့်မယ် 
 ဓါတ်စက်သီချင်းနားထောင်မယ် 
 စီဒီ အိုကေ ဆိုမယ်
 ပြီးမှ... နာကျည်းချက်တွေ လက်ချိုးရေတွက်မယ်။
 **ခုတော့လည်း...
အဲဒီ မြစ် ရုံလေး မြစ် တဲ့ မြစ်ဘေးမှာ 
 မြို့  ရုံလေး မြို့ တဲ့ မြို့ လေးက 
 သူ့  အတ္တ ကို သူ 
 သနပ်ခါးလိမ်း ပန်းပန်နေရင်းက
 မဆုံဆည်းနိုင်ခဲ့တဲ့ အချစ်အကြောင်း 
 ကောင်းကောင်းကြီး စာဖွဲ့  နေလေရဲ့...။       ။
 စလေမောင်ဖြိုးဝေ(တမာမြေဖြိုးဝေ)
သြော်...ယောက္ခမ
**သမီး ကိုပေး၊ 
ထမင်းကျွေးရင်း 
 မြေးတွေထိန်းစဉ် ၊
 ပီတိရွှင်လည်း.... 
 သမက် လူမိုက် ၊
 အလေလိုက်ကို 
 မြင်လိုက်လေတိုင်း သတ်ချင်တယ်...။      ။ 
 စလေမောင်ဖြိုးဝေ(တမာမြေဖြိုးဝေ)
Wednesday, November 14, 2012
ဆေးစက်ကျရာ
**နှင်းရည် ဆွတ်ဖျန်း
 ပန်း တို့  လန်း၏။ 
**နေခြည် ဖြာကျ
 ပန်းတို့  လှ၏။ 
**လေပြည် ဆော်သွေး 
 ပန်းတို့  မွှေး၏။ 
**သြော်..... 
 ၀ီရ အသည်းနဲ့ ၊ရဲရဲ ရင့်ရင့်
 ခက်ပွင့် ဝေဆာ၊ ပန်းမာလာသည်
 ကမ္ဘာ မြေ မိုး၊ အလှတိုးဖို့ 
 ရပ်ကျိုး ရွာကျိုး သယ်ပိုးသတည်း။     ။
 စလေမောင်ဖြိုးဝေ(တမာမြေဖြိုးဝေ)
ပန်းတိုင်
**စိတ် ၏ စေရာ
 ဆန္ဒ မှာကား
 လွန်စွာကျယ်ပြော လှပေ၏။
 **ဆန္ဒ စေရာ
 ဘ၀ မှာကား
 လွန်စွာခက်ခဲ လှပေ၏။ 
**ဘ၀ စေရာ 
 ခန္ဒာ မှာကား
 လွန်စွာပင်ပန်း လှပေ၏၊။ 
**ခန္ဒာ ဘ၀၊ စိတ်ဆန္ဒတို့
 ညီမျှ ထပ်တူ ၊ရှိပါမူကား
 ထိုသူဇဗ္ဗူ ၊ တလူလူနဲ့ 
 ကြည်ဖြူ စိတ်ဝမ်း ၊ လွန်ငြိမ်းချမ်းလျက်
 ရည်မှန်း ပန်းတိုင် ဖြောင့်တကား။      ။
 စလေမောင်ဖြိုးဝေ(တမာမြေဖြိုးဝေ)
မြတ်ဆရာ
**ဆရာ..........
    နာများစွာနဲ့
    တစ်နေ့  တစ်လံ
    အဖြည့်ခံနေ....။
**နောင်တစ်သက်မှာ
    အရောင်ထွက်ကာ
    ပြောင်လက်စွာနဲ့
    တပည့်အများ
    တကယ့်ဓါးဖြစ်ရေး
    အလျားလေးမှောက်
    ဓါးသွေးကျောက်လို....။
**လမ်းကောင်းအမှန်
    ပန်ကောင်းပန်ဖို့ 
    မာန်များစွာနဲ့  ခရီးဆက်
    သွေးမပျက်တဲ့ မေတ္တာရှင်.....။     ။
                      စလေမောင်ဖြိုးဝေ(တမာမြေဖြိုးဝေ)