& စာမတတ် ကျမ်းကြေ နှုတ်ခမ်းတွေအောက်...
ဘယ်နှရာသီ လောက် ကျောက်ချနေရမလဲ...။
& အသစ် အဟောင်း စုံလင်...
ဖြစ်ကြောင်း ကုန်စင် မှာ....
သူ ပါဝင်ဆင်နွှဲ ခဲ့တဲ့ အကြောင်း...။
& သူ့ ရဲ့ ဆင့်ပွား စေတနာတွေနဲ့ ...
ကစဥ့်ကလျား ကမ္ဘာမြေ ကို...
ဆွဲတင် ဆယ်မ နေတဲ့ အကြောင်း...။
& သူ့ ရဲ့  မြေကြောရှုံ့  ကွန်ယက်တွေက...
ပင့်ကူ လက်တွေ ထက် အဆရာထောင်...
များမြောင်လှတဲ့ အကြောင်း....။
& သူတကာ ထူးချွန်မှုကို လက်ခံပြီးမှ...
ဘယ်နေရာမှာ...
သူ့ ကို မမီသေးတဲ့ အကြောင်း...။
& အဲသလို...စကားလုံးတွေနဲ့ ...
ယောင်ကိုင်းနေတဲ့ နှုတ်ခမ်းတစ်စုံက...
ရေတံခွန်လို အဆီးအတား မဲ့ လျှံကျလာတဲ့...
ကိုယ်ရည်သွေးပြကွက်တွေက...
တကယ်တမ်းကျတော့...
မြင်ကွင်းကျယ်သလောက်....
အသံ မပီ ရုပ်မကြည် တွေနဲ့ ....။
& သြော် ...သူပြောနေတဲ့ သူ့ အကြောင်း...
ခြောက်ပြစ်ကင်းအောင် ကောင်းလွန်း၇ဲ့ ...
& ခြုံငုံ သုံးသပ်မိလေတော့...
စာမတတ် ကျမ်းကြေ နှုတ်ခမ်းတွေအောက်....
ကိုယ်တိုင်ကိုယ်ကျ ရောက်ခဲ့ မိတာကိုက....
လူဖြစ်ခဲ့ ရခြင်းရဲ့ နောက်....
ငါ့ ရဲ့  ဒုတိယမြောက် မှားယွင်းမှု လေလား.....။ ။
တမာမြေ ဖြိုးဝေ