အိမ်ကြို အိမ်ကြား လမ်းမှားခဲ့ရတဲ့
ငြိုးတေး မာနတို့ လက်ဆုပ်ဖြေချိန်
ဘယ်သူဘာဖြစ်ပါစေဆိုတဲ့ ဆုတောင်းမျိုးနဲ့ 
ညနေသေ တွေရဲ့  ကံကြွေးချမှု အသစ်များ
ငါလည်း တဆင့် စကားနဲ့  ညနေစာ စားမိခဲ့။
အလျဉ်းသင့်တိုင်း
ငါ့မျက်နှာပေါ် ဖြတ်တိုက်ခဲ့တဲ့
မင်နီကြက်ခြေ စာမျက်နှာတွေက
(ငယ်ငယ်တုန်းကအတိုင်း)
အခုလို အချိန်များမှာလည်း
ရွာသွန်းမြဲထက် ပိုခဲ့တယ်။
ကိုယ့်အပူနဲ့ ကိုယ် ထူထူထဲထဲ
တိတ်သား အတွန့် အကြေတွေပေါ်က
ဝေဒနာ အဟောင်းအသစ်များ
ဆက်ထုံးအထပ်ထပ် နဲ့ 
ယောင်ယောင်မှားမှား ကလို့ ခုန်လို့ ။
ဘ၀တစ်ခုလုံး ပုံရင်းခဲ့ပြီးမှ
မတော်တဆ ရခဲ့တဲ့
အကျိုးအပဲ့ ရလဒ်တချို့ နဲ့ သာဆို
ဘ၀ထဲ စေးစေးပိုင်ပိုင် ပျော်ဝင်နိုင်ဖို့ 
သက်ပြင်းမော ဘယ်နှဆ ကို
မျက်ရည် ဘယ်ရောစပ် သင့်ပါသလဲ မိတ်ဆွေ....။ ။
တမာမြေ ဖြိုးဝေ