Thursday, December 6, 2012

ရွှေမှုန် ကြဲသူများ

**မစားရတဲ့ အမဲ...
 အသည်းနဲ့ ၀ယ်ခဲ့သူ အချို့ နဲ့ ...စကားစမြည်...။ 

**ရှေးဖြစ် အနာဂတ်...
 လူမြင်တိုင်းဖတ်ချင်တဲ့... 
 ဗေဒင်ဆရာအချို့ နဲ့ ...စကားစမြည်...။

 **မိုးမလုံတဲ့ အိမ်ခေါင် က
 တိမ်အရောင်မှတ်သူ အချို့ နဲ့ ...စကားစမြည်...။ 

**မိုးမလွတ် လေမလွတ် ပြောတတ်ပြီး
 အိမ်ခြေ ယာခြေ မရှိသူ အချို့ နဲ့ ...စကားစမြည်...။

 **ပုတီးကိုးပတ် စိပ်ပြီး...
 လူ ကိုးယောက်ပြည့်အောင် ကြွားတဲ့
 ပကာသန ကုသိုလ်တော်တွေနဲ့ ...စကားစမြည်...။

 **ကျေးပိုင် ကျွန်ပိုင်ခေတ်က မာန နဲ့ 
 ဂျပန်ခေတ် က ဘယာနက တွေကို
 လွယ်ပိုးလာသူအချို့ နဲ့ ...စကားစမြည်...။ 

**တစ်ခါတရံ မှသာ...
 အိပ်စား ကာမ အလွန် တစ်ဘူတာ
 ကြာကြာ အကြည့် ခံမယ့် ပန်းတွေနဲ့ 
 ဓါတ်ကြီးလေးပါးရဲ့ အလဲအကွဲ ကို 
 စောင့်ကြည့်နေသူ အချို့ နဲ့ ...စကားစမြည်...။ 

**အဖြစ်က...
 ချဉ်ချဉ်တူးတူး မူးကြတဲ့ တစ်နံတလျားမှာ
 သူ့ လို ကိုယ့်လို...
 နောက်ကျောမှာ ဒဏ်ရာတွေ မွမွကြေလို့ 
 ဒါနဲ့ တောင်... 
 ကာလပေါ် ဝေဒနာ အသစ်တွေနဲ့ 
 (သူတို့  ကပဲ...)
 ကမ္ဘာမြေ ကို အသံကောင်း ဟစ်ကြလိမ့်ဦးမယ်.....။      ။ 

  တမာမြေ ဖြိုးဝေ

No comments: