Sunday, January 6, 2013

အ၀ိဇ္ဖာ ပစ္စယာ.....

**သည်မြေရွာ အလာခရီးမှာဖြင့်
 သန္ဒေပါလာ တဏှာမီးတွေက
 ရှာမှီးကာ တမြေ့မြေ့ လောင်လို့  
 အမှောင်မသိပဲ ပျော်ခဲ့တယ်...။ 

**ကျင်လည်ရာ ဘ၀အမောတွေနဲ့ 
 ခင်တွယ် စရာ ဓနဇောကပ်လို့  
 မျောတတ်ရာရာ ၀င်္ကံပါထဲမှာလ
 မယှဉ်သာပဲလည်း ပျော်ခဲ့တယ်...။

 **ဆန္ဒ စေရာ စရိုက်အလွဲတွေနဲ့ 
 ကြံသမျှဖွေရှာ မိုက်မဲခဲ့ပါရဲ့ 
 အကြိုက်နည်းစွာ နေရာတစ်ခုပေမယ့် 
 ဖြေသာမှုနဲ့ ပျော်ခဲ့တယ်...။

 **ပုထုဇန လောကအလယ်မှာ 
 သောက နွယ်ပါစေ နဂိုအလှတွေနဲ့ 
 မောဟတွယ်ပါစေ မအိုကျစေဖို့ 
 အပျိုဘ၀သို့  အရွယ်သာတင်လည်း
 သူငယ်နာမစင် ပဲ ပျော်ခဲ့တယ်...။

 **သြော်...
 လျှောက်ခဲ့ရာ အပျော်ခရီးဆီသို့ 
 မရောက်ခဲ့ ရှာ မျှော်မနီးလေမှ 
 အော်...ညည်းကာ လိပ်ပြာစစ်လေတော့ 
 ထိတ်စရာ သိက္ခာ မသစ်တဲ့ အပြင်
 စိတ်မှာ အ၀ိဇ္ဖာ ညစ်တွေက 
 ကွယ်.... စူးနစ်လို့ လူး.......။      ။

 စလေမောင်ဖြိုးဝေ(တမာမြေဖြိုးဝေ)

ဇာတ်သမား

**ကျွန်တော်ဟာ...
 အမနာပတွေကို ပန်းကုံးစွပ်ဖို့  
 လေဟုန်စီးလာတဲ့
 သူရဲကောင်း တစ်ယောက်တော့ မဟုတ်ဘူး...။ 

**တံစက်မြိတ်က တစ်စက်ချင်းကျလာမယ့်
 ဒ၁သနတွေကို
 ရင်ဘတ်နဲ့  ဆည်ခံထားဖို့ 
 ခွက်လက် စွဲကိုင်သူ အဖြစ်နဲ့ သာ...။

 **ရေတံခွန် တစ်ခုလို...
 စိတ်မထင်တိုင်း သွန်ချလို့  ရရိုးမှန်ရင်
 ရင်ခုန်သံတွေ ဥုံခံ မန်းမှုတ်ပြီး
 ဆန္ဒတွေ တစ်တောလုံး စိမ်းလိုက်ချင်ပေါ့...။

 **အရင် လိုပါပဲ... 
 တစ်ညလုံး... 
 မျက်ရည်တွေ ကူးစက်မြန်စေဖို့ 
 အနုပညာ နဲ့ ရှို့ ပြီး လွမ်းခဲ့ပါပြီ
 ရုံပြည့်အောင် အားပေးခဲ့တဲ့ 
 ပရိသတ်တွေကို အထူးကျေးဇူးတင်ပါတယ်...။

 **နောက်ည တွေမှာလည်း... 
 အလွမ်းတွေ နဲ့ 
 ပိရိစွာ လှည့်စားနိုင်ဖို့ 
 မိုးလင်းပြီ..... 
 ကျွန်တော် အိပ်တော့မယ်နော်...။     ။ 

 စလေမောင်ဖြိုးဝေ(တမာမြေ ဖြိုးဝေ)