**နွေမရှိဘူး
မိုးမရှိဘူး
ဆောင်းမရှိဘူး
သွားနိုင်မှ ခရီးရ
တောင်းနိုင်မှ ၀မ်းဝမယ်။
**အတိတ်တွေ လွန်ခဲ့ပ
အနာဂတ်တွေ ဝေးလွန်းစွ
ပစ္စုပ္ပန်မှာ သာသာယာယာ
ညစာ စားပြီးအိပ်မယ်
မနက်ဖြန်မှာ တောင်းဖို့ ထမယ်။
**ပြက္ခဒိန် မရှိဘူး
လက်ပတ်နာရီ မဆောင်ဘူး
တောင်းတဲ့အချိန် နေ.့
အိပ်တဲ့အချိန် ည
ဘ၀နေနည်း နိသ၁ ရည်း
သည်တွင် ပြီးသတည်း။
**ကလေးတွေ အတွက်
ကျောင်းထားဖို့ လည်း မလိုဘူး
စာတတ်စရာလည်း မလိုဘူး
ဘယ်ရက်မှာ ဘယ် ဘုရားပွဲ ရှိလဲ
မှတ်သားတတ်ဖို့နဲ့
ဘယ်ကျောင်းမှာ ဘာအလှူရှိလဲ
နာကြားတတ်ဖို့ပဲ လိုတယ်။
**တီဗီ မလိုဘူး၊ စလောင်းမလိုဘူး
တိုက်မလိုဘူး၊ ကားမလိုဘူး
လောဘ နဲ့လည်း အဆာမကျယ်ဘူး
မာနနဲ့ လည်း ရွာမလည်ဘူး
သောက နဲ့ လည်း မတာတွယ်ဘူး။
**ဘုရားပစ္စည်း မခိုးဘူး
ပြည်သူပိုင်ပစ္စည်း မသုတ်ဘူး
အစိုးရပစ္စည်း မယူဘူး
အလွဲ သုံးကာ မချမ်းသာချင်ဘူး
အမှီလှလို့ မကြွယ်ဝ ချင်ဘူး
လက်နက်အားကိုး ဓားပြမျိုးလည်း မဟုတ်ဘူး။
**သူတော်ကောင်းတရား(၇)ပါးတဲ့
သူတောင်းစားပေမယ့် တစ်ဝက်မက
ဖြည့်နိုင်သမျှ သိက္ခာ လှတယ်။
**သေချာတယ်....
ကျုပ်တို့ သူတောင်းစားတွေဟာ
အမျိုးအနွယ် မလှပေမယ့်
အဲသလို.....
သူခိုး သူကြွယ် ဓားပြတွေထက်တော့
ကိုး ဆယ် ဆ သာလောက်တယ်။ ။
တမာမြေ ဖြိုးဝေ